scraplk 25
တခါတလေ လက်ဖက်ရည်ဆိုင်မှာ တယောက်တည်းထိုင်တဲ့အချိန် ကိုယ်နဲ့ သိကျွမ်းတယ်ဆိုရုံလောက် တယောက်ယောက်က လာစကားပြောတဲ့အခါမျိုးမှာ ကျနော်ဟာ မယဉ်ကျေးတဲ့လူ ဖြစ်သွားတာပဲ။ တယောက်ယောက်ဆိုတာက မြို့မျက်နှာဖုံး အရက်သမား ဖြစ်ချင်ဖြစ်မယ် ပန်းခြံစောင့် ဖြစ်ချင်ဖြစ်မယ်။ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်က မှာနေကျ စားပွဲထိုးလေး ဖြစ်ချင်ဖြစ်မယ်။ တခါတလေကျတော့ မတောက်တခေါက်ဆိုပေမယ့်လဲ စာရေးသူလို့ ပတ်ဝန်းကျင်က သိလာတဲ့အခါမှာ ပေါက်တက်ကရ ကိစ္စတွေကိုလဲ ကြုံရတယ်။ ဘဝဇာတ်လမ်းတွေ ပြောပြတာ၊ ရည်းစားစာရေးခိုင်းတာမျိုး။ လက်ဖက်ရည်ဆိုင်မှာ ဒါတွေလာလုပ်တဲ့အခါတော့ ကျနော်ဟာ အဝေးကို ငေးနေလိုက်တာပဲ။ လှည့်ကို မကြည့်တော့ဘဲ သူတို့ပြောတာတွေလဲ တလုံးမှ နားထဲမရောက်အောင် ကျင့်ယူနေရတယ်။ အင်းရော အဲရော မလိုက်ဘူး။ သူတို့အနေနဲ့ စောင်နထိုင်းကို စကားပြောနေရတာပဲလို့ ခံစားသွားရအောင် ကျနော်က လုပ်တာ။ ငါ့ဘဝက တော်တော်ထူးခြားလို့ပါကွာ၊ ခင်ဗျားက စာရေးတယ်ဆိုပြီး ရည်းစားစာလေးတောင် မရေးတတ်ဘူးပေါ့။ စသဖြင့်ပဲ။ နားလည်သွားတဲ့ တချို့ကတော့ ဇာတ်လမ်းမဆုံးခင်မှာပဲ သူ့ဝိုင်းကို သူ ပြောင်းထိုင်။ စားပွဲထိုးကလေးတွေကဆိုရင် လှစ်ခနဲ ထထွက်သွားပြီးတော့ ပါးစပ်ကလဲ စောက်ရူးပဲလို့ ရေရွတ်သွားကြတယ်။ မကြားချင်ယောင်ဆောင်ပေမယ့်လဲ စောက်ရူးပဲလို့ တိုးတိုးလေးပြောသွားတာကို ကြားလိုက်ရလို့ ရယ်ရမလို ငိုရမလိုတော့ ခံစားမိသွားတယ်။ တယောက်တည်းဆိုပေမယ့်လဲ ငါ့ဒုက္ခကလဲ မသေးပါလားလို့ တွေးရင်း ရွှေဆိုင်ထဲ ဝင်သွားတဲ့ မိန်းမတယောက် တင်ကထွားလွန်းတော့ ထင်းနေတဲ့ အောက်ခံဘောင်းဘီအရာကြီးကပါ လူကိုပိုစိတ်ရှုပ်ထွေးရစေတာမျိုး ကြုံရတယ်။ အဲဒီထက်ဆိုးတာကတော့ တခြားဝိုင်းက ပုဆိုးဝတ်ပြီး အနေအထိုင်မတတ်တဲ့ကောင်တွေပဲ။ ယောက်ျားချင်း ရှေ့တည့်တည့်မှာလာပြီး အောက်စလွတ်နေတာလောက် စိတ်ပျက်စရာကတော့ ရှိလိမ့်မယ်တောင် မထင်ဘူး။ အဲဒီကောင်ကို ဘယ်လိုပြောရမလဲ လက်ညှိုးနဲ့ပဲ ပုဆိုးကိုထိုးပြရမလား ဟေ့ရောင် ကြည့်ထိုင်ကွလို့ပဲ ငေါက်လိုက်ရမလား မသိသလိုပဲ ဆက်နေရမလားလို့ တခုခုကိုတော့ မဖြစ်မနေ ရွေးကိုရွေးရတော့တယ်။ တယောက်တည်း လက်ဖက်ရည်ဆိုင်ထိုင်တာဟာ တကယ်တော့ ရူးတာသက်သက်ပဲ။ အဘိုးကြီးတယောက်အတွက်ဆိုရင်တောင် အဆင်မပြေနိုင်ဘူး။ သတင်းစာကလေးတစောင်ဝယ်လာ သတင်းတွေဖတ်၊ ဆောင်းပါးတွေဖတ် တခါတလေမှာ ကျနော် လျှောက်ရေးထားတဲ့ ကြောင်တောင်တောင်စာတွေတောင် ဖတ်ချင်ဖတ်ရဦးမယ်။ ဒါပေမယ့် အဘိုးကြီးတွေကတော့ ဒေါသနည်းသွားပြီ။ နည်းသွားတာမဟုတ်ရင်တောင် သူဒေါသထွက်ရမယ့်လူက သူ့အနားမှာ မရှိတဲ့အဖြစ်မျိုးတွေချည့် ကြုံနေရတာ။ အဲဒီတော့ ဒေါသမထွက်တော့ဘူး။ သတင်းစာကို ချောင်ကျကျက ဆောင်းပါးတခုရဲ့ ဓာတ်ပုံ ဘယ်ကယူတယ်ဆိုတဲ့ source ကအစ ဖတ်ပြီးတဲ့နောက်မှာတော့ အဘိုးအိုဟာ ပိုက်ဆံရှင်း ခါးကိုဆန့် ကျွတ် ကျွတ် ကျွတ် ကျွတ် နာလိုက်တာ။ ပြီးတော့ နေပူထဲ သတင်းစာကို ခေါင်းပေါ်အုပ်လို့ လမ်းကို ဖြတ်ကူးသွားရတော့မယ်။