Scraplk 36
တနေ့မှာ ထိုင်နေကျလက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး ဂျီးတွေအပြည့်နဲ့ သူ့လက်သန်းကို သူ့နှာခေါင်းထဲထိုးနေရင်း ငါ့ကိုမေးတယ်၊၊ ဟေ့လူ ရေသန့်တဗူး ဘယ်လောက်ရှိသလဲ သိလား တဲ့၊၊ သုံးရာပေါ့ကွာ ဘာလို့တုန်း လို့ ငါ ဖြေတယ်၊၊ ဟာ မဟုတ်ဘူးလေဗျာ လို့ပြောရင်း သူ နှာခေါင်းကို ရှုံ ့ပွ ရှုံ ့ပွ လုပ်တယ်၊၊ ဗူးကြီးကိုပြောတာဗျ တဲ့၊ သူ့လက်တဖက်ကို တခုခုကို ပိုက်တဲ့ပုံမျိုး လုပ်ပြတယ်၊၊ နှစ်ဆယ်လီတာဝင် ဗူးကြီးကို ဆိုလိုတာမှန်း ငာနားလည်သွားတယ်၊၊ တကယ်တော့ သူ့အနေနဲ့ လက်နှစ်ဖက်စလုံးနဲ့ ပိုက်ပြရမှာ၊ သို့သော် နှာခေါင်းထဲကို လက်သန်းထည့်ပြီး မွှေနေတဲ့ လက်တဖက်ကိုတော့ သေတောင်ပြန်မနှုတ်ဘူးဆိုတဲ့ မျက်နှာပေးနဲ့ နှာခောင်းထဲ လက်နှိုက်ရက်ကြီးနဲ့ တဖက်တည်းဘဲ ဝိုက်ပြတယ်၊၊ နောက်ပြီး သူ့က ငါ့ကို စိတ်မရှည်တဲ့ပုံ၊၊ သြော် ဗူးကြီးကတော့ လေးရာ၊ ဟာ နေဦး ဒေါ်လာစျေးတွေတက်လို့ ငါးရာဖြစ်သွားတာ တပတ်ရှိပြီကွ လို့ သူစိတ်ပြေပါစေတော့ရယ်လို့ အချက်အလက်စုံလင်စွာ ငါရှင်းပြလိုက်တယ်၊၊ ဟာ ခင်ဗျားကလဲ ဒူ လိုက်တာဗျာ အဲဒါတော့ ကျနော် သိတာပေါ့ ဗူးကို မေးတာဗျ တဲ့၊၊ ( သူ့ပြောတဲ့ စကားတိုင်းမှာ ထိပ်ဆုံးက ပါ ပါလာတဲ့ ဟာ ဆိုတာ ဟာ လို့ရေးပေမယ့် တကယ်က ဟာ ဆိုတဲ့ အသံမဟုတ်ဘူး၊ အာ သရဆိုတော့ ရှေ့က ဟ သံက ခဏရယ်၊ အာ ဆိုတဲ့ အသံက ပိုကြာတယ်၊ အဲ့ဒါကို ဘာလို့ရှင်းပြချင်မှန်းတော့ မသိဘူး၊၊ ဒါပေမယ့် ဟာ လို့ တော့ စာအတိုင်းကြီး မဖတ်စေချင်ဘူး၊၊ သိပြီနော်) တကယ်ကတော့ အဲဒီစားပွဲထိုးလေးက ဆယ့်တနှစ် ဆယ့်နှနှစ်လောက်ရှိဦးမှာ၊ ပြီးတော့ ငါ့ ဘာသာငါ နားအေးပါးအေး လက်ဖက်ရည်ထိုင်သောက်နေတာကို သူကလဲ မေးသေး၊ ငါ့ကိုလဲ ဒူတယ်တွေ ဘာတွေ လုပ်တော့ ငါ လည်း နည်းနည်းတော့ တင်းတာပေါ့၊၊ ဒါပေမယ့်လည်း စိတ်ကိုလျှော့ ပြေရာပြေကြောင်းအနေနဲ့ မင်းက ငါ့ကို အားကြီးနဲ့တော့ မငေါက်နဲ့လေကွာ လို့ ပြုံးပြီး ပြောလိုက်တယ်၊၊ ဒင်းက ပြန်တောင် မပြုံးပြဘူး၊၊ ရှိစေတော့ ခုမှတော့ မထူးပါဘူး၊၊ သူမေးတာက ဗူးရဲ့ ရေမပါဗူးချည့် တန်ဖိုးသက်သက်ကို သိချင်တာ၊၊ (စဉ်းစားကြည့်ပါဦး တကယ်ဆို စကတည်းက အဲ့လို မေးလိုက်ပါတော့လား၊ ပြီးတော့ သူကတောင် စိတ်ဆိုးသတဲ့) နှစ်ထောင်သုံးထောင်အလွန်ဆုံးပေါ့ကွာ အတိအကျတော့ ငါလည်း မသိပါဘူး လို့ ငါ ဖြေလိုက်တယ်၊၊ ဒီတော့မှ သူဟာ သူ့နှာခေါင်းထဲက သူ့လက်သန်းကို ထုတ်တယ်၊၊ ပြီးတော့ တော်တော်ဝေးဝေး လက်ဖက်ရည်ဆိုင်ရဲ့ ကောင်တာမှာ ထိုင်နေတဲ့ မိန်းမကြီးကို လှမ်းကြည့်ရင်း ငါ ကြားရုံ သူ့ကိုယ်သူပြန်ကြားရရုံ အသံလောက်နဲ့ တွေ့ကြသေးတာပေါ့ သုံးထောင်ထက် ပိုဖြတ်လို့ကတော့ ငါနဲ့ တွေ့မယ် တဲ့ ကြိမ်းနေတယ်၊၊ ဒီတော့ ငါလဲ မနေနိုင်ဘူး ဘာလဲ မင်း ရေသန့်ဗူးကြီး ခွဲပစ်လိုက်လို့လား လို့မေးမိတယ်၊၊ ဟုတ်တယ် ကျကွဲသွားတာ ရေတွေပါ ရွှဲကုန်တာဘဲ တဲ့၊၊ ငါ့ကို တချက်လေးတောင် ငဲ့မကြည့်ဘဲ ပြောတယ်၊၊ ငါလဲ ကောင်တာဘက်ကို လှမ်းကြည့်လိုက်တယ်၊၊ မိန်းမကြီးကတော့ အေးဆေးရယ်၊၊ နေပါဦးကွာ မင်းက ငါနဲ့ တွေ့မယ် ဆိုတော့ သုံးထောင်ထက် ပိုများဖြတ်ရင် အဲဒီမိန်းမကြီးကို ဘာများလုပ်မလို့တုန်းလို့ ငါလဲ တကယ့်ကို သိချင်လွန်းလို့ မေးမိတယ်၊၊ ခဗျား စောင့်ကြည့်လိုက်လေ တဲ့ ငါ့ ဘက်ကို ဇက်ကလေး တချက်စောင်းငဲ့လို့ ပြောပြီး ချာကနဲ လှည့်ထွက်သွားတယ်၊၊ ဇက်ကလေး တချက်ငဲ့စောင်းလို့ ခဗျား စောင့်ကြည့်လိုက်လေ ပြောပုံက သင်းလွန်းလို့ ဒီ ဟန်နဲ့ ဒီလိုပြောပေါက်မျိုး နိုင်ငံခြားရုပ်ရှင်တခုခုမှာ ငါ သေချာပေါက် ကြည့်ကို ကြည့်ခဲ့ဖူးတယ်လို့ စက္ကန့်ဝက်လောက် စဉ်းစားနေမိသေးတယ်၊၊ ပြီးတော့ သူ့နောက်ကျောကို ငါ လိုက်ကြည့်နေမိတာပေါ့၊၊ ဒီကောင်လေး အရပ်က သုံးပေသာသာ လောက်ပဲ ရှိမယ်ထင်တယ်၊၊ တကယ့် ကလေးလေးပါ၊၊ ဒီကောင် ဘာမဟုတ်တာတွေ လျှောက်လုပ်ဦးမယ် မသိဘူးလို့ တကယ်ပဲ စိုးရိမ်မိတယ်၊၊ အဲဒီလိုနဲ့ လကုန်သွားတယ်၊၊ ဘာသိဘာသာ နေနေမိ လက်ဖက်ရည်ဆိုင် ပုံမှန် ထိုင်နေမိတာ လကုန်ပြီးတပတ်ကျော်ကြာတော့မှ ဟိုကလေး မတွေ့မိပါလားလို့ သတိထားမိသွားတယ်၊၊ နောက် စားပွဲထိုးကလေးတယောက်ကို မေးကြည့်တော့ အဲ့ကောင် ထွက်သွားပြီဗျ တဲ့၊၊ ဟို မိန်းမကြီးတော့ သုံးထောင်ထက် ပိုဖြတ်တယ်ထင်တယ်လို့ တွေးမိသွားတယ်၊၊ တဆက်တည်း ချာလီချက်ပလင် ရုပ်ရှင်တခုထဲက အလုပ်သမားတွေ အလုပ်လုပ်ရင်း ထမင်းစားနိုင်အောင် ထမင်းကျွေးစက် တီထွင်၊ ပြီးတော့ စမ်းသပ်ကျွေးတဲ့ အခန်းကို သတိရမိသွားတယ်၊၊ စောင်အရင်းရှင်တွေများ ဆိုးပါ့ လို့တောင် စိတ်ထဲ ညည်းညူမိတယ်၊၊ သတိကလဲ ရချင်တာ ရတာပါ၊၊ သိပ်ဆိုင်လှတယ်တော့ မဟုတ်ဘူး၊၊ (ဆိုင်ချင်လဲ ဆိုင်မှာပေါ့၊၊) ခုတော့ ဇက်ကလေးစောင်းလို့ ခင်ဗျား စောင့်ကြည့်လိုက်လေ ဆိုတာလေး ပြန်တွေးရတာ အားရလိုက်တာ၊၊ ခင်ဗျား စောင့်ကြည့်လိုက်လေ
လင်းခါး