#LynnKharNote 41
သံသရာတလျှောက် သုံးဆယ့်တစ်ဘုံလုံး၌ ကြုံခဲ့ဖူးသမျှ ယုန်ပညာရှိတိုင်းသည် နှာစေးနေကြသည်ချည်း ဖြစ်၏။ ဆင်းရဲမွဲတေမှု ဒီဂရီ အမြင့်ဆုံးသို့ ရောက်ရှိသွားသောအခါ လူထု၏ တုံ့ပြန်မှုသည် ပါဝါရိန်းဂျားများကို အနားပေးလိုက်ခြင်းပင် ဖြစ်ပြီး ၎င်းကာလသည် သစ်ရွက်ခြောက်များပေါ်သို့ သစ်ရွက်ခြောက်အသစ်များ ခုန်ဆင်းကြွေကျလေ့ရှိသော ကာလမျိုး ဖြစ်ပါသည်။ လူရွှင်တော်များက ကိုယ်ကြပ်အင်္ကျီများကို ဝတ်ဆင်ကာ ပြက်လုံးများကို ယမ်းသိပ်ကြ၏။ ပန်းချီဆရာများက စုတ်တံအစား လျှာကို အသုံးပြုကာ မျှော်လင့်ချက်တိုင်းပြည်ကို ရေးဆွဲကြသည်။ ဂီတသမားများက ပေါင်ပျဉ်းတွဲကို တဖတ်ဖတ်ပုတ်ကာ စိတ်အားတက်ဖွယ် တီးလုံးရှာနေကြပြီး၊ ကဗျာဆရာများက စိတ်ကူးယဉ်ပူစီဖောင်းများကို ထိုးဖောက်လိုက်ကြ၏။ လူတိုင်း၏ အိပ်မက်ထဲတွင် ဟမ်းမလက်ပြဇာတ်မှာ ဇာတ်သိမ်းခန်းရောက်လုနေပြီ ဖြစ်ပြီး မီးဖိုမရှိသည့် မြေအောက်ခန်းအေးစက်စက်ထဲမှ ပေါင်မုန့်အသိုး၏ညဉ်းသံကို ကြားလိုက်ရပြီးနောက် တော်လှန်ရေးကြီးကို စတင်ခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် သူတော်စင်၏ ကျောင်းသင်္ခမ်းအောက်မှ မြေခွေးမှာလည်း သြီ ပထဝီ ဇယံ သဗ္ဗံ အစချီသော ဂါထာကို အလွတ်ရလုနေပြီ ဖြစ်ပါ၏။