လတလရဲ့ ပထမဆုံးနေ့

၀၅.၀၂.၂၀၂၃

လတလရဲ့ပထမဆုံးနေ့

လတလရဲ့ပထမဆုံးနေ့ကိုရောက်လာပြီဆိုရင် နဲနဲတော့ အားအင်ဖြစ်မိတယ်။ အထူးသဖြင့် တဘဝလုံး ပိတ်ဖုံးခဲ့တဲ့ မြူတွေကြားက ထွက်လာသူများအဖို့ ပို၍အားအင်ဖြစ်မိလိမ့်မယ်။ လတလကို စလိုက်တဲ့ ပထမဆုံးစက္ကန့်မှာတင် နှောင်းခဲ့တဲ့ လနဲ့ ချက်ကြိုးဖြတ်နိုင်ခဲ့ပြီလို့ နာကျင်ခဲ့ရသူက တွေးမယ်။ လတလရဲ့ ပထမဆုံးနေ့ထဲ လူသာလျှင် ရောက်လာနိုင်ခဲ့တာပဲ ဘုရားမတာလို့ ကျေနပ်မယ်ဆို ပန်းပွင့်လေးတွေ တွေ့ရမယ်။ ခေါင်မိုးစွန်းတိုင်းက ခိုတွေနဲ့ ဖြတ်သန်းရမယ်။ ကြောင်ပါးစပ်ထဲက ခိုတွေအတွက် ခံစားပေးဖို့ ပြီးခဲ့တဲ့လကတည်းက လာခဲ့ရတယ်။ ဘဝနေနည်းတခုကို ပူပူလေးမှုတ်သောက်လိုက်တိုင်း ကိုယ်ထဲက ချွေးတွေဟာ လတလရဲ့ ပထမဆုံးနေ့မှန်းသိတော့ ပိုထွက်ချင်ကြတယ်။ အားလုံးက စိတ်ပဲ ထိန်းချုပ်နိုင်တဲ့သူ လတလ ပထမဆုံးနေ့ ပေါ့ပါးတဲ့ အပိုင်းမှာ နေရမယ်။ သူကတော့ အများကြိုက်ပဲ။ ဘုရားကပ်ဖို့ ပန်းဆိုင်မှာ သစ္စာပန်းတွေကို လှည့်ပတ်ကြည့်နေသူ အမျိုးသမီး လတလရဲ့ ပထမဆုံးနေ့မှာတင် ရာသီလာနေခဲ့တယ်။ လမ်းဖြတ်ကူးတဲ့ ကြွက်ဝမ်းပူ လတလရဲ့ ပထမဆုံးနေ့မှာပင် အခြားသော ဘဝလမ်းတခုစီကို ရောက်သွားတယ်။ လတလရဲ့ ပထမဆုံးနေ့မှာ အရှုံးသမားမီးတောင်ဟာ ချော်ရည်ပူတွေထုတ်လွှတ်လိုက်တယ်။ လတလရဲ့ ပထမဆုံးနေ့ဟာ မီးလျှံကြားက ရေအေးအေးတခွက်လို့ ထင်သူလဲ ရှိမယ်။ ရှိသူလဲ လတလရဲ့ ပထမဆုံးနေ့ကို ဖြတ်ရမယ်။

#လင်းခါး
1August2022

အမျိုးအစား -စကားပြေအရေးအသား
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.