လေပုရဝဏ် ၂
သူငယ်ချင်းတယောက်က ပြောတယ်။ ငါရောက်တာ လေးလရှိပြီ။ လမ်းကြိုလမ်းကြား၊ တဦးနဲ့တဦးကြား နှံ့လို့ လောင်းရဲတယ် သူငယ်ချင်း ဒီမှာ ပျော်စရာ မရှိတာ သေချာတယ်ကွာ တဲ့။ အဲဒီအချိန်ရှေ့မှာ နဂံခြားသူ ဆယ်ကျော်သက်မလေး သုံးယောက် အိမ်ရှေ့က ဖြတ်သွားရင်း တယောက်က ငါ့ကို ကြည့်ရင်း ပြုံးသွားတယ်။ နှာခေါင်းစည်းအောက်က အပြုံးဆိုပေမယ့် သိသာထင်ရှားတယ်။ ဒါပေမယ့် အဓိပ္ပါယ်က ဝေခွဲရခက်။ ငါလဲ ကွဲကွဲနဲ့ ပျော်စရာမရှိတာ သေချာရဲ့လား ဆိုတဲ့ အတွေးကို မေ့သွားပြီး ဘာက ပြုံးစရာပါလိမ့်လို့ အဲဒီပြုံးသွားတဲ့ ကောင်မလေးရဲ့ နောက်ကျောကို ငေးရင်း တွေးနေမိတယ်။ ပြုံးသွားတဲ့ ကောင်မလေးရဲ့ နောက်ကျောကို ငေးနေတယ် ဆိုပေမယ့် ဘေးက နှစ်ယောက်ရဲ့ နောက်ကျောတွေကိုလဲ ငေးတဲ့ထဲ ပါဝင် မြင်နေရတာပေါ့။ သူ့ သူငယ်ချင်းတွေနေမှာပေါ့။ တယောက်က နည်းနည်းဝတယ်။ တယောက်က နည်းနည်းဝတယ် လို့ သတိထားမိနေတုန်းမှာပဲ အဲဒီ ဝတဲ့ ကောင်မလေးက ငါ့ကိုကြည့်ပြီး ပြုံးသွားတဲ့ကောင်မလေးနောက် ဖျတ်ခနဲ တချက် ရပ်ကျန် လိုက်ပြီး အဲဒီကောင်မလေးရဲ့ ဖင်ကြားကို လက်မနဲ့ ဆောင့်ထည့်လိုက်တယ်။ အား ခနဲပဲ။ နဂံခြားသူဆိုပေမယ့် နာလို့အော်တာတော့ "အား" ပဲ ဖြစ်နေလို့ ငါတချက် တွေးစရာပဲဟလိူ့တောင် ထင်လိုက်သေးတယ်။ ဒါပေမယ့် ချက်ချင်းပဲ ဒါက တွေးစရာမှ မဟုတ်ပဲလို့ သိသွားတယ်။ ပြုံးသွားတဲ့ ကောင်မလေး နာကျင်သွားတယ်။ ဖင်ကိုပိတ်ထားရင်း ထခုန်တယ်။ အော်တယ်။ (ကျန်တဲ့ နှစ်ယောက်ကတော့ ရီလို့ပေါ့။ ရီတာလဲ ငါတို့နဲ့တူတူပဲ သိပ်မကွာဘူး) သူ့ ဖင့်ကို လက်မနဲ့ဆောင့်ထည့်လိုက်တဲ့ ကောင်မလေးကို စမှန်းသိလို့ ပုခုံးကို လက်နဲ့ရွယ် ရိုက်မယ်ပြုရင်းက ငါ့ကို သတိရသွားလို့ လှမ်းကြည့်တယ်။ ဆယ်ကျော်သက်မကလေး ရှက်သွားတယ်။ ဖင်ကို လက်မနဲ့ဆောင့်လိုက်တဲ့ ဝတဲ့ ကောင်မလေးကို တခုခု ခပ်တိုးတိုးပြောတယ်။ အဲဒါ ဘာပြောတာလဲ ငါသိတယ်။ မင်းတို့လဲ သိမယ်လို့ ငါထင်တယ်။ "ဟဲ့ ကောင်မ ဟိုမှာ ဦးလေးကြီးတယောက်က ငါတို့ကို ကြည့်နေတာ နင်ကလေ လုပ်လိုက်ရင် သောက်ရမ်းချည့်ပဲ" ဘာညာ ဒါပဲ နေမှာပေါ့။ ငါလဲ အဲဒီမြင်ကွင်းလေးကို ကွဲကွဲနဲ့ ကြည့်နေရင်းက ဘေးက သူငယ်ချင်းကိုပဲ ရည်ရွယ်သလား ကိုယ့်ကိုယ်ကိုယ်ပဲ ညွှန်းလေရော့သလား ကိုယ့်ဟာကိုယ်တောင် မသေချာဘဲ ပါးစပ်ကနေ အလိုလို ထွက်သွားမိတယ်။ "မင်း ရှာမရတဲ့ ပျော်စရာက သူတို့မှာတော့ ရှိနေပါရောလား သူငယ်ချင်းရာ"
လင်းခါး
လေပရဝုဏ်
9 wed Feb 2022